နောက်ဆုံး လှုပ်ရှားမှု

Monday, August 23, 2010

ငါး ငသလောက်ပမာ ကြောက်စရာအရိုးများနဲ့ အိုဘယ့် မီဒီယာ

ကျုပ်တို့ မီဒီယာတွေအကြောင်း ပြောမလို့ပါ။ ပြောရေးရှိလို့သာပြောရတယ် ကြောက်တော့ ခပ်ကြောက်ကြောက်ပဲ။ မကြောက်လို့လည်း မဖြစ်ဘူးလေ။ သတင်းမီဒီယာဆိုတာက နတ်ဆိုး လိုပဲ။ နေ့စဉ်ပူဇော်ပသနေလဲ ချင်မှ တာ။ သူစိတ်ဆိုးလို့ နှောက်ယှက်ရင်လဲ မလွယ်သလို စိတ်ပျော်လို့
ကျီစယ်ရင်လည်း မချောင်ဘူး။ တခါတလေ သူစိတ်ရူးပေါက်လို့ မ စ ရင်တော့ ကောင်းစားပေတော့ပေါ့။ တယ်ဆိုတာကလည်း ဆယ်ခါရံတခါပါ။ ဒါပေမယ့် ကြောက်နေ ပူဇော်နေကြရတာပဲလေ။ ဒီနေ့ခေတ်ကြီးမှာ သတင်းမီဒီယာတွေရဲ့ ထက်မြက်မှုကလည်း ငြင်းစရာမရှိတဲ့ အချက်ပဲ။ အမေရိကန်သမတကြီး မစ္စတာရစ်ချတ်နစ်ဆင် (Richard Nixon) တောင် ဝါးတားဂိတ် အရေးတော်ပုံနဲ့ သတင်းစာသမားတွေ ဝိုင်းကြိတ်လိုက်ကြတာ သမ္မတထိုင်ခုံက ဆင်းပြေးခဲ့ရဘူးတယ်။

သုစိပုဘာ၊ ဝိလိသိဓာ
အက္ခရာ စွဲသုံး၊ ဤရှစ်လုံးကို
သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့…။ လို့ ငယ်ငယ်က ကျက်မှတ်ခဲ့ရဖူးတယ်။ အဓိပ္ပါယ်က အသိပညာရရာရကြောင်း အခြေခံအကြောင်းတရား (၈) ပါးကို ဆိုလိုတာပါ။ အဲဒီထဲက “ဘာ” ဆိုတာ ဘာသေယျ ပြောဆိုဆွေးနွေးခြင်း၊ “သု” ဆိုတာ သုဏေယျ ကြားနာခြင်းလို့ အဓိပ္ပါယ်ရှိတယ်။ ကြားနာလေ့လာ ဆွေးနွေး ဆည်းပူးခြင်းပေါ့။ လူလိုသိ၊ လူလိုတွေး၊ လူလိုကျင့်ကြံ နေထိုင်ဖို့ရာအတွက် အခြေခံလိုအပ်ချက် အသိပညာရရာ ရကြောင်း မြတ်ဗုဒ္ဓညွန်ကြားခဲ့တဲ့ တရားတွေပဲ။

ကျုပ်တို့ဗမာလူမျိုးတွေ သုဏေယျကပ်၊ ဘာသေယျကပ်သင့်နေတာ ကြာခဲ့ပြီ။ ကြားချင်တာ မကြားရ၊ သိချင်တာ မသိရ၊ ပြောချင်တာမပြောရ၊ မှန်တာမကြားရ၊ မမှန်တာ ကြားရ၊ မသိချင်တာ သိရ၊ မပြောချင်တာ ပြောရ။ မကြားချင်တာ ကြားနေရတာ ရာစုနှစ်ဝက်မက ကြာခဲ့ပြီ။ ပြည်ဖျက် ဗိုလ်နေဝင်း အာဏာသိမ်းခဲ့တဲ့ (၆၂) နှစ်ခုက စရေရမှာပေါ့။ ဒီ့အရင်ကလည်း ကြားနာခွင့်နဲ့ ပတ်သက်လို့ အနှောက်ယှက်မရှိဘူးလားဆိုတော့ ရှိသင့်သလောက်ရှိခဲ့တယ်။ ပါလီမန် ဒီမိုကရေစီဆိုတဲ့ ဦးနု ဖဆပလ အစိုးရက ပြည်သူတွေကို အသိပညာပေးနေတဲ့ သတင်းသမား ဆရာလူထုဦးလှ၊ ဆရာကြီးရွှေဥဒေါင်း၊ ဆရာဗန်းမော်တင်အောင်တို့လို ပုဂ္ဂိုလ်တွေကိုတောင် စာပေရေးသားခြင်းကြောင့် ဖမ်းဆီးထောင်ချခဲ့တာတွေ ရှိခဲ့တယ်။ ဦးကျော်ငြိမ်းရဲ့ တောင်သူ လယ်သမားသမဂ္ဂအမည်ခံ စစ်သားတွေက သူတို့ဝန်ကြီး မီးခွက်မှုတ်သတင်းကို ဖော်ပြလို့ ဂျာနယ်ကျော်မမလေးရဲ့ ဟစ်တိုင်သတင်းစာတိုက်ကို ရိုက်ချိုးဖျက်ဆီးခဲ့ဖူးတယ်။ သတင်းသမားတချို့ ခြိမ်းခြောက်ခံရတာလည်း ရှိခဲ့ဖူးတာပေါ့။ ပြည်ဖျက် ဗိုလ်နေဝင်းခေတ်ကတော့ ပြည်သူတွေ လုံးဝ မျက်စိကန်း နားပိတ်ဖြစ်တော့တာပဲ။

ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်းကာလတွင်းမှာ ဒီလိုမျက်ကန်း နားပိတ်ဘဝကနေ ဗမာပြည်သူတွေအတွက် အသက်ရှုပေါက်ကလေးတခု ပွင့်လာခဲ့တယ်။ ဒါက ပြည်ပရေဒီယို ဖြစ်တဲ့ BBC, VOA တို့ကနေ ပြည်သူတွေ ကြားချင်တာ၊ ကြားသင့်တာတွေကို ပိုပြီး အလေးပေး ထုတ်လွင့်လာသလို DVB တို့ RFA တို့ဆိုတာတွေလည်း ပေါ်လာတယ်။ အဲဒီရေဒီယိုတွေ ပေါ်စတုန်းကဆို မိတ်ဆွေတယောက်က ကျုပ်တို့တော်လှန်ရေး တဝက် အောင်ပြီလို့တောင်ကြွေးကြော်ခဲ့သေးတယ်။ ကိုယ်လည်းထောက်ခံမိတယ်။ လုပ်နေကြသူများ ကလည်း လူထုဘဝကို စာနာသူတွေ၊ နိုင်ငံလှုပ်ရှားမှုတွေထဲက သွားကြသူတွေဆိုတော့ ယုံကြည်အားတက် ဖြစ်မိတယ်။

သိပ်မကြာပါဘူး။ အနှီပုဂ္ဂိုလ်များ ရေဒီယိုများက သမ္ဗုဒ္ဓေတဂါထာနဲ့ အရိယာဂိုက်ဖမ်းပြီး ပီဘိသတင်းသမားကြီးတွေလို၊ တရားသူကြီးနေရာ၊ ဒိုင်လူကြီးနေရာရောက်ကုန်ရော။ မီဒီယာ ဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်၊ ဘက်မလိုက်ရဘူးတို့၊ ပြဿနာဖြစ်ရင် နှစ်ဖက်အသံ ပါရမယ် ဖြစ်ကုန်ရော။ ပြည်တွင်းမှာ တဖက်သတ် လုပ်ချင်ရာလုပ်၊ ပြောချင်ရာပြော၊ လိမ်ချင်သလို လိမ်နေသူတွေရဲ့ သဘောထားအသံကလည်း သူတို့ စံတွေထဲမှာ မဖြစ်မနေ ထည့်စဉ်းစားပေးစရာတွေ ဖြစ်လာပါရော။ ပီဘိသတင်းသမားကြီးတွေအတွက်တော့ တရွာလုံးက မုဒိမ်းသမား၊ လူသတ်သမားလို့ သိထားတဲ့ ရာဇဝတ်သားရဲ့ မုဒိမ်းကျင့်ရ၊ လူသတ်ရတဲ့ အကြောင်းရင်းတို့၊ ရည်ရွယ်ချက်တို့၊ ရည်မှန်းချက်တို့ စတဲ့ ရှင်းလင်းချက်ပါမှ သတင်းဖြစ်တယ် ဖြစ်ကုန်ရော။ ကျုပ်တို့ ဗမာပြည်သူတွေရဲ့ အဖြစ်က စိတ်ချ ယုံကြည်လောက်တဲ့ ကိုယ့်ဇနီးမယားက သူခိုးကို ဓားရိုးကမ်းတာ ခံလိုက်ရတဲ့ ပဒုမမင်းသားရဲ့ အဖြစ်များလိုပါပဲ။

နိုင်ငံတခု၊ လူ့အဖွဲ့အစည်းတခုမှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ပြီးရင် သတင်းမီဒီယာ ဒါမှမဟုတ် စာနယ်ဇင်းတွေဟာ အရေးအကြီးဆုံး အရေး အရာ စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ကြတယ်။ နိုင်ငံတော် (သို့) ခေါင်းဆောင်နဲ့ လူထုကြားက ဆက်သွယ်ရေး ပေါင်းကူးဖြစ်သလို လူထုခြင်းအကြား ဆက်သွယ်ရေးနဲ့ ပညာပေးရေး ယန္တယားကြီးလည်းဖြစ်တယ်။ မူလအဓိက မဏ္ဍိုင် သုံးရပ်ကတော့ အုပ်ချုပ်သူ အာဏာပိုင် လက်ထဲမှာရှိတဲ့ အရာတွေသာဖြစ်တော့ စတ္ထုမဏ္ဍိုင်သာလျှင် လူထုရဲ့ အားကိုးရာဖြစ်တော့တယ်။

ကိုလိုနီနိုင်ငံဟောင်းတွေရဲ့ သမိုင်းကြောင်းကိုလေ့လာရင် သတင်းမီဒီယာတွေ၊ စာနယ်ဇင်း တွေဟာ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေမှာ အဓိကအခန်းက ပါဝင်ခဲ့ကြတယ်။ ဗမာ့ လွတ်မြောက်ရေး တိုက်ပွဲမှာလည်း ထိုနည်းလည်းကောင်း စာနယ်ဇင်းတွေ လူထုကို အလုပ် အကျွေးပြုခဲ့ကြတယ်။ သမိုင်းတာဝန် ကျေပွန်ခဲ့ကြတယ်။ ဒီလိုသမိုင်းတာဝန် ကျေခဲ့ကြတဲ့ စာနယ်ဇင်းနဲ့ သတင်းမီဒီယာသမားတွေ ရှိခဲ့သလို အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် အလိုတော်ရိ သတင်းမီဒီယာသမားတွေလဲ ရှိခဲ့တာပဲ။ ဥပမာ ဗမာပြည်ကို ဝေလမင်းသား အလည်လာစဉ်က ဆုတော်ငွေ ငါးထောင်ထုပ်ကို မမက်ပဲ ဘုန်းတော်ဘွဲ့ရေးဖို့ ငြင်းဆန်ခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို သတင်းသမားရှိခဲ့သလို ကိုလိုနီအရှင်သခင်ရဲ့ ဘုန်းတော်ဘွဲ့ရေးရတာကိုပဲ ဧရာမဂုဏ်ကြီးလို ပျော်ပျော်ကြီးရေး ပေးခဲ့သူတွေ လည်းရှိခဲ့တယ်။ အဆုံးသတ်မှာတာ့ စာနယ်ဇင်း၊ သတင်းသမားတွေ ကျေးဇူး ကြောင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ အရှိန်အဟုန် မြင့်မားလာတဲ့ အတွက်ကြောင့် အလိုတော်ရိ သတင်းသမားတွေ သတင်းစာတွေ ချုပ်ငြိမ်းပျောက်ကွယ်သွားရသလို လူထု အကျိုး လူထုဆန္ဒကို ဦးထိပ်ထားတဲ့ စာနယ်ဇင်းတွေ အောင်လံထူပြီး လူထုမေတ္တာ ခံယူ နိုင်ခဲ့ကြတယ်။

သတင်းမီဒီယာဆိုတာ လူထုအတွက် အားကိုးရာ စတုတ္ထမဏ္ဍိုင်ဖြစ်သလို သြဇာလည်း စူးရောက်တဲ့အတွက် အာဏာပိုင်တွေဘက်ကရော၊ အာဏာမဲ့တွေဘက်ကရော အပြိုင်အဆိုင် ထိန်းချုပ်ဖို့ ကြိုစားကြတယ်။ ပြည်သူလူထုရဲ့ နားမျက်စိလို သတင်းမီဒီယာ တွေကို အုပ်စိုးသူ အာဏာပိုင် အဆက်ဆက်ကလည်း သတင်းမီဒီယာတွေကို နည်းမျိုးစုံနဲ့ ချုပ်ကိုင်ဖို့ ကြိုးစား ခဲ့တယ်။ ဖောက်ပြန်တဲ့ သတင်းသမားတွေကို မက်လုံးပေးစည်းရုံးသလို တိတ်တဆိတ် ငွေထုတ်ပေးပြီး ခါးပိုက်ဆောင် သတင်းတိုက်တွေ ထောင်တာတွေလည်း လုပ်ခဲ့ကြတယ်။ ကိုယ်လိုရာကို ရေးသားဖြန့်ချီထုတ်လွှင့်ကြတယ်။ ဒါကြောင့် စာနယ်ဇင်း သတင်းစာတွေထဲမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေမဲ့ အရာတွေ ပါသလို၊ အဆိုးအပျက်တွေ ဖြစ်စေမဲ့ အဆိပ်အတောက်တွေလည်းပါနိုင်တယ်။ ဥပမာ ဆောင်ရရင် သတင်းစာမီဒီယာဆိုတာ လူထုအတွက် ငသားလောက်ကို စားရသလိုပါပဲ။ အရသာ ထူးကဲ့တဲ့ အာဟာရဖြစ်ပေမယ့် အစားမတတ်ရင် အရိုးလည်း စူးမျက်နိုင်သလို အစာမကြေ၊ အကျောတက်ပြီးလည်း ဖျားနာနိုင်ပါတယ်။

ပြည်သူတွေရဲ့ နားမျက်စိတွေဖြစ်တဲ့ သတင်းစာမီဒီယာတွေ ဖေါက်ပြန်ရင်၊ တာဝန်မဲ့လာ ရင်တော့ အဲဒီ့လူ့အဖွဲ့အစည်း (ဝါ) နိုင်ငံပြည်သူတွေရဲ့ အနာဂါတ်ဘဝဟာ အန္တရယ်ကျရောက် တော့တာပဲ။ ဒါကြောင့် သတင်းစာ မီဒီယာတွေရဲ့ တာဝန်ဟာ လူ့ဘောင်လောကအတွင်းက အဖြစ်အပျက်တွေကို မှန်မှန်ကန်ကန်ဖော်ထုတ်ကြရုံနဲ့ မလုံလောက်ပဲ လောကလူ့ရွာ အတွက်ဆိုးကျိုး အန္တရာယ်ကို ဖြစ်စေမဲ့ အတွေးအမြင်များကိုလည်း သုတ်သင်ဖယ်ရှား ရမှာဖြစ်သလို လောကလူ့ရွာ အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကို ဖြစ်ထွန်းစေမဲ့ အတွေး အမြင်တွေ ပြန့်ပွားစေဖို့လည်း တာဝန်ရှိပါတယ်။

ဒီနေ့ သတင်းမီဒီယာတချို့ရဲ့ အမြင်နဲ့ လုပ်ဟန်တချို့ဟာ တာဝန်မဲ့လွန်းပါတယ်။ တချို့သတင်းသမားတွေ စည်းမစောင့်ဘဲ ကိုယ်သတင်းရဖို့ဘဲ မညှာမတာ လုပ်ရပ်တွေကြောင့် အထဲကလူတွေ အဖမ်းခံကြရ ဒုက္ခရောက်ကြတာတွေလည်းရှိသလို အချင်းချင်းအပေါ် စည်းမစောင့်တာတွေ တရားမဲ့တာတွေလည်း ကြားနေရတယ်။ ဒါတွေက ထားပါတော့။ ဒီနေရာမှာ အဓိကပြောချင်တာက သတင်းသမားတွေရဲ့ အဓိကရပ်တည်ချက် ပြဿနာပါ။ သတင်းတွေကို အဖြစ်အပျက်တိုင်းပဲ ပြောရမယ်။ အမှားအမှန် ဝေဘန်သုံးသပ်ချက် မထည့်ရ။ မည်သည့် ရှုထောင့် အမြင်နဲ့မှ မတင်ပြရ။ ဘက်မလိုက် ကြားနေရမယ်လို့ ဆိုပါတယ်။ အမှန်တရားအပေါ် သို့မဟုတ် အကာကွယ်မဲ့ အဖိနှိပ်ခံ ဗမာပြည်သူတွေအပေါ် ကျောခိုင်း လိုက်တဲ့ အတွေးအမြင်ပဲဖြစ်တယ်။ ဒေါ်စုပြောခဲ့တဲ့ မတရားတာတွေ့ရင် ဒါ မတရားဘူးလို့ ပြောရမယ်။ ဒီလိုမပြောရင် ဒီမတရားမှုဟာ တနေ့ ကိုယ့်ဆီရောက်လာလိမ့်မယ်ဆိုတဲ့ စကား ကို မေ့ထားကြပြီထင်တယ်။ ဒီအမြင် ဒီအယူအဆတွေဟာ အမြင်အားဖြင့်တော့ အလွန်လှ အလွန်ကောင်းပါတယ်။ အနောက်တိုင်းနဲ့ လူမှုနိုင်ငံရေး (Socio-Politic) ဘဝ ပုံမှန်စနစ် ထဲမှာတော့ အဓိပ္ပါယ်ရှိနိုင်ပါတယ်။ အဲဒီ့မှာ ရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီတိုင်းမှာ ကိုယ်ပိုင်အမြင် အယူအဆတွေကို လွတ်လပ်စွာ ပုံနှိပ်ဖြန့်ချီ စည်းရုံးနိုင်ခွင့်ရှိပြီး စွပ်စွဲချက်တွေ ရှိခဲ့ရင်လည်း လွတ်လပ်စွာ ခုခံနိုင်ခွင့် ရှိနေပြီးသားဖြစ်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းမှာ ဘက်လိုက်စရာ မရှိပါဘူး။ လိုက်စရာအမှန်တရားမျက်နှာ တခုသာရှိတယ်။ သို့သော်လည်း ဗမာပြည်လို လူထုဆက်သွယ်ရေး ယန္တယားတခုလုံးကို ရေပက်မဝင်အောင် ထိန်းချုပ်ထားပြီး တဖက်သတ်ဝါဒဖြန့်၊ ဆန့်ကျင်ဘက်တွေကို အပုပ်ချနေတဲ့ စစ်အုပ်စုနဲ့ ရင်ဆိုင်နေရတဲ့ ဗမာပြည်သူတွေရဲ့ တိုက်ပွဲပဲဆိုဆို ပဋိပက္ခပဲဆိုဆို ပြဿနာအပေါ်မှာ ဘယ်ဘက်မှ မလိုက် ဘူးဆိုတာဟာ အမှန်တရားနဲ့ တရားမျှတခြင်းဆိုတဲ့ လောကပါလတရားကို ကျောခိုင်း လိုက်ခြင်းသာဖြစ်ပါတယ်။

အထက်မှာဆိုခဲ့သလို သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းပြီး အမှောင်ခေတ်ထဲက ဗမာပြည်သူတွေအတွက် အသက်ရှုပေါက်ကလေးတခုလို ဖြစ်နေတဲ့ ပြည်ပရေဒီယိုတွေနဲ့ နောက်ပေါ် အွန်လိုင်းသတင်းဋ္ဌာနတွေက ပီဘိသတင်းသမားကြီးတွေ ဂိုက်ဖမ်းပြီး ဘယ်ဘက် မှ မလိုက်ရဘူးဆိုတဲ့ မူအပေါ်မှာ ရပ်လိုက်ချိန်မှာတော့ ရှိတဲ့ကောက်ရိုးတမျှင် လဲ ဆုံးရှုံးသွား ရတော့တယ်။ တိုက်ဆိုင်ချင်တော့ ရန်သူစစ်အုပ်စုက လုပ်လာတဲ့ မီဒီယာကို မီဒီယာနဲ့ တိုက်ဆိုတဲ့ ဗျူဟာကို အကောင်အထည်ဖေါ်တဲ့ အချိန်နဲ့ အချိန်ကိုက်ဖြစ်သွားတယ်။

ပြင်ပ မီဒီယာပေါင်းစုံတို့ မျက်ကန်းနားပိတ် ဗမာလူထုကို ကျောခိုင်းတဲ့ ထုတ်လွှင့်မှုတွေ ထင်သာမြင်သာဖြစ်လာတာဟာ  လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်က ရွေးကောက်ပွဲ အသံတွေ ထွက်လာချိန်က စတယ်လို့ဆိုရမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အဓိက ဦးဆောင်ပါတီတွေကို မသိမသာဝေဘန်ရင်း ကြွက်မဟုတ် ငှက်မဟုတ် ပညာရှင်ပြောလိုက် တတိယအုပ်စုပြောလိုက် လင်းနို့လိုလို လူတွေကို ဇန်းတင်လာတယ်။ လက်တွေ့ နိုင်ငံရေး ဆိုတဲ့ အသံတွေ ထုတ်လာတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆွေးနွေးခန်းတွေမှာ ထောက်ခံသူတွေနဲ့ မယှဉ်နိုင်တဲ့ အားနဲတဲ့ ဆန့်ကျင်သူတွေနဲ့ ပွဲတည်ပေးပြီး ရွေးကောက်ပွဲကို မသိမသာ ဇောင်းပေးတယ်။ မျက်ကန်းနားပိတ်ဘဝ လူထုကို ရွေးကောက်ပွဲမှ တပါး အခြားရွေးချယ်စရာမရှိဆိုတဲ့ အမြင်တွေဖြစ်ပေါ်အောင် ဖန်တီးထုတ်လွှင့်ကြတယ်။ ပိုပြီး ထင်ရှား၊ ပိုပြီး ဖောက်ပြန်တဲ့ လုပ်ရပ်ကတော့ မြန်မာသတင်းသမားသမဂ္ဂနဲ့ VOA တို့ ပေါင်းရိုက်တဲ့ ပွဲပဲ။ နအဖ စစ်အုပ်စုက ယုံကြည်စိတ်ချစွာ လွှတ်ပေးလိုက်တဲ့ ဦးသုဝေတို့ ခင်ဇော်ဝင်းတို့လို ပုဂ္ဂိုလ်တွေကို ချင်းမိုင်ဖိတ် စင်တင်ပြီး ရွေးကောက်ပွဲ ကြော်ငြာပွဲ ကြီးလုပ်ကြတယ်။ နောက်ထပ် ဖောက်ပြန်မှုကတော့ RFA ပဲ ဖြစ်တယ်။ RFA ရဲ့ လူငယ်အမြင်ကဏ္ဍကနေပြီး ရွေးကောက်ပွဲ ထောက်ခံရေး မဲပေးရေး အာဘော်တွေကို မျိုးရန်နောင်သိမ်းဆိုသူကို ရှစ်ဆယ့်ရှစ်မျိုးဆက်အနေနဲ့ အပတ်စဉ် ထုတ်လွှင့်ပေးနေတယ်။ ရှစ်ဆယ့်ရှစ်မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့လို ပုဂ္ဂိုလ်တွေ အကျဉ်းထောင်တွေ ထဲမှာ ဆက်ပြီးထိမ်းသိမ်းခံနေရစဉ် ထူးကဲစွာ လွတ်မြောက်လာတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် အမည်ခံ မျိုးရန်နောင်သိမ်းရဲ့ အမြင်တွေကို ယနေ့ဗမာလူငယ်တို့ရဲ့ အမြင်တွေ ဖြစ်လေဟန် ထုတ်လွင့်ချက်ဟာ အလွန်ကို အော့နှလုံးနာစရာကောင်းပါတယ်။ ထောင်ပေါင်းများစွာသော အကျဉ်းကျလူငယ်တွေ၊ ကျောင်းသားတွေနဲ့ စစ်အုပ်စုရဲ့ ရက်စက်မှုအောက်မှာ လှုပ်ရှား တိုက်ပွဲဝင်နေကြတဲ့ ဗမာလူငယ်ထုကို စော်ကားလိုက်ခြင်းလည်းဖြစ်ပါတယ်။ ဒီအစီအစဉ် ထုတ်လွင့်သူဟာ အဖိနှိပ်ခံလူထုအတွက် စေတနာထားစရာမလိုပဲ တကယ်တမ်း ဘက်မလိုက် ဘူးဆိုရင်တောင် တခြားလူငယ်တွေရဲ့ အမြင်တွေကိုပါ အလှည့်ကျ ထုတ်လွှင့်ပေးရမှာ ဖြစ်ပါတယ်။ အခုတော့ ဖောက်ပြန်တဲ့ အမြင်ကိုပဲ ဆက်တိုက်လွှင့်ပေးနေ ရွေးကောက်ပွဲ ထောက်ခံရေးအမြင်ကိုပဲ ဖော်ထုတ်ပေးနေခြင်းဟာ ဗမာလူငယ်ထုအပေါ် RFA ရဲ့ မတရားတဲ့ အပြုအမူ၊ စော်ကားတဲ့ အပြုအမူပဲဖြစ်တယ်။ ဒီထုတ်လွှင့်ချက်တွေဟာ သွေးရိုးသားရိုး လုပ်ရပ်အဖြစ် ယူဆစရာ အကြောင်းမရှိပါဘူး။ (ဒီစာကို သြဂုတ်လဆန်းက ရေးခဲ့ပေမဲ့ မအားလပ်တာကြောင့် အချောမသတ်ပဲ အခုမှ နောက်ကျပြီး အစသတ်နိုင်ပါတယ်။ တချို့စာပါအချက်အလက်တွေက ပြောဖို့လိုအပ်တယ် ယူဆလို့ နောက်ကျမှ ဖြန့်ချီလိုက်တယ်။ အခုနောက်ဆုံးအခြေအနေအရ RFA က လူငယ်ကဏ္ဍမှာ မဖြူဖြူသင်းရဲ့ အမြင်တွေကိုလည်း ကြားညှပ် ထုတ်လွင့်ပေးနေတယ်လို့ သိရပါတယ်။ မျိုးရန်နောင်သိမ်းရဲ့ ရွေးကောက်ပွဲ ထောက်ခံရေးအမြင်တွေကိုလည်း ဆက်လက်ထုတ်လွှင့်နေဆဲလို့ သိရပါတယ်။)

လောကကြီးမှာ အကြီးဆုံးရန်သူ ဒုက္ခအပေးနိုင်ဆုံး အန္တရာယ်ဟာ မိတ်ဆွေ ယောင်ဆောင်ထားတဲ့ ရန်သူဖြစ်တယ်။ တည်ကြည်တဲ့ ရန်သူထက် မိတ်ဆွေယောင်ဆောင် ထားတဲ့ ကောက်ကျစ်သူက အန္တရာယ်ပိုကြီးတယ်ဆိုတဲ့ စကားလည်းရှိတယ်။ ယုံကြည်စိတ်ချ မှုကြောင့် မကောင်းအကြံကိုလည်း လက်ခံမိသလို အဆိပ်ကိုလည်း သုံးစားမိတတ်ပါတယ်။ ဆရာသမားအပေါ်မှာ လေးစားကြည်ညိုစိတ်နဲ့ ယုံကြည်မိတဲ့ အင်္ဂုလိမာလဟာ ဆရာသမားရဲ့ အကောက်ကြံမှုကြောင့် တောပုန်းလူဆိုးကြီးဖြစ်ရတယ်။ ရာဇဝတ်သားဖြစ်ရတယ်။ သံသရာ ဝန်လေးတဲ့ အလုပ်တွေကို မှားမှားယွင်းယွင်း လုပ်မိခဲ့ရရှာတယ်။

အခုကျွန်တော်တို့ မီဒီယာတွေဟာ မျက်ကန်းနားပိတ် ဗမာလူထုအတွက် နားမျက်စိ ဖြစ်ရမည့်အစား တရားသူကြီးလိုလို၊ ဒိုင်လူကြီးလိုလို ဂိုက်ဖမ်းလာတာဟာ စိတ်ချယုံကြည် ထားသူရဲ့ ဖောက်ပြန်မှုကို ခံရသလိုပါပဲ။ ကိုယ့်နားမျက်စိတွေရဲ့ ဖောက်ပြားလှည့်စားတာကို ခံရသလိုပါပဲ။ အားကြီးသူနဲ့ အားနည်းသူတို့ ကြားက ပဋိပက္ခ၊ လက်နက်ကိုင်နဲ့ လက်နက် မဲ့တွေရဲ့ကြားက တိုက်ပွဲမှာ ဘက်မလိုက်ဘဲ ကြားနေဖို့ ကြိုးစားတာဟာ ဘယ်လို သဘောထား၊ ဘယ်လိုလူစားတွေလည်းဆိုတာ စဉ်းစားသာကြည့်ပေတော့။ ဒီလိုမမျှတတဲ့ တိုက်ပွဲတွေကြားမှာ ကြားနေတယ်ဆိုတာ အကျိုးသက်ရောက်မှုအားဖြင့်တော့ အားကြီးသူကို ဗိုလ်ကျအနိုင်ယူခွင့် ပေးလိုက်တာ၊ သွယ်ဝိုက်သောအားဖြင့် မတရားမှုကို အားပေးထောက်ခံ တာပဲဖြစ်တယ်။ ပိုပြီး ဝမ်းနည်းစရာကောင်းတာက ဒီနေ့ဗမာလူထုက အားကိုးယုံကြည်နေတဲ့ မီဒီယာတွေမှာ လုပ်ကိုင်နေသူအများစုဟာ တချိန်က အမှန်တရားဖက်က တိုက်ပွဲဝင်ခဲ့သူတွေ၊ ပြည်သူကို အလုပ်အကျွေးပြုဖို့ အားထုတ်ခဲ့ကြဘူးတဲ့ တော်လှန်ရေးသမားဟောင်း၊ နိုင်ငံရေး သမားဟောင်းတွေ ဖြစ်နေတာပဲ။ ဘယ်လိုဖြစ်သွားကြတာလဲ။ ပြည်သူလူထု မျက်နှာထက် ထမင်းထုပ်မျက်နှာက ပိုကြီးသွားတာလား။ အလုပ်ရှင်မျက်နှာက ပိုကြီးသွားတာလား။ ဒါမှမဟုတ် မိစ္ဆာစစ်အုပ်စု မျက်နှာက ပိုကြီးသွားတာလား။

ဗမာသတင်း ဂျာနယ်လောကရဲ့ စံပြုပုဂ္ဂိုလ် ဂျာနယ်ကျော်ချစ်မောင်ရဲ့ “ မကြောက်မရွံ့၊ မဟုတ်မခံ၊ မျက်နှာမရွေး၊ မှန်တိုင်းရေးပိမ့်” ဆိုတဲ့ သတင်းသမားကျင့်ဝတ်နဲ့တော့ အတော် ဖီလာဖြစ်တာပဲ။ ပြောမည့်သာပြောရတာပါ။ ဒီနေ့သတင်းသမားဆိုသူ အတော်များများ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ နာမည်ကို ကြားတောင်မှ ကြားဖူးရဲ့လားမသိဘူး။ မကြားဖူး ကြသေးရင်လည်း ရှာဖွေလေ့လာကြပါဦး။ သတင်းသမားလုပ်မယ်ဆိုရင်တော့ လူထုဦးလှရဲ့ ကျနော်သတင်းသမားဆိုတဲ့ စာအုပ်တို့ ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းတို့ ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်း ဂျာနယ်ကျော်မမလေးရေး ထားတဲ့ သူလိုလူဆိုတဲ့ စာအုပ်တွေလောက်တော့ ဖတ်ဖူးထားသင့်ပါတယ်။ ဝရဇိန်လက်နက်ကြီးကိုင်ထားပြီး အစွမ်းမ သိ ဆေးလိပ်မီးညှိုလိုက်၊ ရေနွေးကျိုလိုက်လောက်ပဲ သုံးမိနေရင် ရင်နာစရာ။ ပြီးတော့ ကိုယ်စီး တဲ့မြင်း အထီမှန်းးအမမှန်းမသိရင် ခက်မယ်။
ကာလသားပုံပြင် တခုပါ။ ကာလသားပုံပြင်ဆိုတော့ နည်းနည်းတော့ ညစ်ညမ်းတယ်။ သိသာ အောင်တော့ ပြောဦးမယ်။ တခါက လူသေးလူ့ဗလံခရီးသည်တယောက် မြင်တစီးနဲ့ ညနေ စောင်းမှာ တောအုပ်တခုထဲ ဖြတ်သွားတယ်။ တောအုပ်အလယ် ညောင်ပင်ကြီးရောက်တော့ ခဏနားမယ်လုပ်တုန်း ဘီးလူးတကောင်ပေါ်လာပြီး စားမယ်ဆိုဖမ်းရော။ ခရီးသွား လူဗလံလေးလဲ အသက်ဘေးဆိုတော့ ကြောက်အားလန့်အားနဲ့ ခုခံတာပေါ့။ အကြောင်း ကောင်း ထောက်မလို့ လူ့ဗလံလေးနိုင်သွားတယ်။ ဒီတော့ ဘီလူးက အသက်ကို ချမ်းသာပေးပါ။ လိုရာဆုပေးပါ့မယ်လို့ ကမ်းလှမ်းတယ်။ ဒီတော့ လူဗလံလေးလဲ တသက်လုံး သူတပါးပြက်ရယ်ပြုခံလာရတဲ့ သူ့ရဲ့သေးညှက်ညှက် ခန္ဓာကိုယ်ကို ဗလငါးတန်နဲ့ ပြည်စုံ အောင် ဖန်ဆင်းပေးဖို့ပြောတယ်။ ဒီတော့ ပြည့်စေဆိုပြီး ပြည့်စုံသွားတယ်။ ပြီးတော့ သူ့ရဲ့ ဗလငါးတန်ခန္ဓာကိုယ်နဲ့ လိုက်ဖက်ဖို့ သူ့ဖွားဘက်တော်ကိုလည်း သူစီးလာတဲ့ မြင်းလောက် ရှိပါစေဆိုပြီး တောင်းဆိုပြန်တယ်။ ဒါလည်းပြည့်စေပေါ့။ ဒီလိုနဲ့ ခရီးသွား အိမ်ပြန်ရောက် လာတယ်။ ဇနီးသည်က မမှတ်မိဘူး။ အကျိုးအကြောင်းရှင်းပြမှ သဘောပေါက်သွားတယ်။ မယားလုပ်သူလည်း ဝမ်းသာအားရ ယောက်ျားဖြစ်သူရဲ့ ဗလငါးတန် ခန္ဓာကိုယ်ကြီးကို အားရကျေနပ်စွာနဲ့ ကြည့်ပြီး လက်မောင်း၊ ရင်အုပ်၊ ကြွက်သားတွေကို စမ်းကြည့်တယ်၊ ညှစ်ကြည့်တယ်။ သဘောအကျကြီးကျနေတာပေါ့။ တဖြည်းဖြည်းအောက်ဆင်းစမ်းလာလိုက် တာ ဟိုနေရာလဲရောက်ရော မိန်းမလုပ်သူက အလန့်တကြားနဲ့ အော်လိုက်တယ်။ “ ဟင့် အတူတူပဲဟာကို” တဲ့။ ဒီတော့မှ ပြေးကြည့်တော့ သူစီးခဲ့တဲ့ မြင်းက အမကြီးဖြစ်နေသတဲ့။ ဒါကြောင့် ကိုယ်လုပ်တဲ့ အလုပ်အကြောင်း နဲ့အဲ့ဒီ့ လုပ်တန်ဘိုးကို သိဖို့ အလွန်ရေးကြီး ပါတယ်။ ကိုယ်စီးတဲ့မြင်း အထီမှန်းးအမမှန်းမသိရင် “အတူတူပဲဟာကို” ဖြစ်သွားမယ်။

ပြင်ပရေဒီယို သတင်းဋ္ဌာနတွေ အသစ်တွေပေါ်၊ အားတွေကောင်းလာချိန်က အရေးတော်ပုံအတွက် တအားတက်ခဲ့သလို ကြုံတဲ့လူတိုင်းကိုလဲ ရေဒီယိုနားထောင်ဖို့နဲ့ ဒါဟာလည်း နိုင်ငံရေးအလုပ်တခုလို သဘောထားဖို့ တိုက်တွန်းနှိုးဆော်ခဲ့မိတယ်။ အခုတော့ ဒီရေဒီယိုတွေ၊ သတင်းဋ္ဌာနတွေကိုလည်း မျက်စိမှိတ် နားမထောင်ဘဲ ငါးစားသလို သတိ တရားနဲ့ အရိုးအသား ခွဲခြားစားကြဖို့ ဝေဘန်နားထောင်ကြဖို့ ပြောင်းပြီး နှိုးဆော်နေရတယ်။ အခုလို မျက်ကန်းနားပိတ် လူထုဘဝကို ကျောခိုင်းလာချိန်မှာတော့ ကျုပ်တို့ မီဒီယာတွေကို ကာတွန်းကံချွန်ရဲ့ မျက်လှည့် ဆရာပုံပြင်ထဲက မြွေဆေးရောင်းသမား အော်သလိုပဲ အော်ရတော့မယ်ထင်တယ်။

ပုံပြင်က။ တခါတုန်းက မြွေလပ္ပာယ်ပြပြီး ဆေးရောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ တယောက်က မြွေလပ္ပာယ်ပြတယ်၊ တယောက်က အာဘောင်အာရင်းသန်သန်နဲ့ မြွေဆေး ရောင်းတယ်။ တခါတော့ မြွေလပ္ပာယ်ပြတဲ့သူက ဖျားနာတယ်။ တရက်မကောင်း၊ နှစ်ရက် မကောင်းနဲ့ ရက်ကြလာတော့ စားဝတ်နေရေး မပြေလည်တော့ဘူး။ ဒီတော့ မြွေဆေး ရောင်းသမားက မထူးဘူးဆိုပြီး မြွေပုခြုပ်ထမ်းပြီး ထွက်လာတယ်။ သိသလောက် တတ်သ လောက်နဲ့ မြွေလပ္ပာယ်ပြပြီး ဆေးရောင်းမယ်ပေါ့။  လူစည်းကားရာမှာ ချပြီး အရင်ဆုံး သိထား သလောက်နဲ့ မြွေလပ္ပာယ်ပြတယ်။ အတော်လေးကြာတော့ ဘိန်းကျွေးထားတဲ့မြွေက ဘိန်းငိုက်ပြေပြီး ရှုးရှုှးရှားရှားဖြစ်လာတယ်။ ဆေးရောင်းသမားလည်း ကြောက်ကြောက်နဲ့ ထိန်းဘို့ကြိုးစားတယ်။ မရဘူး။ ဖမ်းလည်းမဖမ်းရဲတော့ဘူး။ ကြည့်နေတဲ့ ပရိတ်သက်ထဲက တယောက်ယောက်ကို ကိုက်လိုက်ရင် ဒုက္ခကြီးတော့မယ်။ ဒီတော့ မြွေဆေးသမားလည်း ကိုယ်ထမင်း ရှာစားနေရတဲ့ မြွေကြီးကို မညှာနိုင်တော့ဘဲ မချိတင်ကဲနဲ့ အော်လိုက်ရတယ်။ “ကျုပ်မြွေကြီးပါဗျာ ကြည့်ကျက်ပြီးသာ ရိုက်သတ်လိုက်ကြပါတော့” တဲ့။

မီဒီယာဆိုတာ ကျွန်နော်တို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစွမ်းထက်လက်နက် တခုပါ။ ကျွန်နော်တို့ အဖိနှိပ်ခံ ဗမာလူထုလွတ်မြောက်ရေးအတွက် အားတခုအဖြစ် ဆက်လက်ရပ်တည်ကြစေချင်ပါတယ်။ မြွေသမားရဲ့ ကျုပ်မြွေကြီးပါ မဖြစ်စေချင်ပါ။ ဒါကြောင့် မီဒီယာသမားတွေအတွက် လက်ဆောင်အောက်က ကဗျာလေးကို ရေးမိပါတယ်။

မိုးကြိုးလက်နက် ရှိန်စော်ထက်
မျောက်လက်ရောက်ရှာ ခွင့်မသာ
ရောင်ဝါမှေးလျှက် အကြေးတက်။

သတင်းထက်မြက် လူထုတွက်
မျက်စိနားနှာ ပုံပမာ
သိက္ခာကွယ်ဝှက် တန်ခိုးပျက်။


                                                                            

                                                                            ရဲဘော်ကျော်သန်း
Kyaw_than2004@yahoo.com
                                                                            22.8.2010
ဆက်ဖတ်ပါရန်...

Thursday, August 19, 2010

ကိုယ်ပိုင် လွမ်းချင်း

နို့ရွာတွေမှာက တော်တန်ဟင်းချက်စရာလောက်တော့ ဝယ်စရာလိုဘူး။ ကိုယ့်ခြံထဲမှာလည်း ဝါးရုံတွေကနေ မျှစ်အမျိုးအမျိုးကိုရနိုင်တယ်။ တညင်းသီးပင်ရှိတယ်။ ရှောက်ပင်၊ သံပုရာပင်တွေမှာဆို မခူးနိုင်လို့ ပင်အောက်မှာ ပုပ်ပွနေတာပဲ။ ခရမ်းကစော့တို့၊ ငရုတ်တို့ဆိုတာလည်း ဆယ့်နှစ်ရာသီရအောင် စိုက်ထားတာလေ။ ပင်စိမ်း၊ နံနံပင်၊ မြင်းခွာရွက် အဲလိုပင်လေးတွေကလည်း ခြေချမတတ် ပေါက်နေတာ။ ဒီတော့ ဟင်းချက်စရာ ဘယ်ဝယ်စရာလိုသေးလဲ။ မီးဖိုပေါ် ထမင်းအိုးလေးတင်လိုက်၊ ဟင်းပုတ်ရွက်နဲ့ မျှစ်ဟင်းလေးချက်လိုက်၊ ရှောက်သီး ငပိသုတ်လေးသုပ်လိုက်၊ အတို့အမြုပ်တွက် ဆလပ်ရွက်ခူး၊ သီဟိုဠ်သရက်ရွက်လေးခူး၊ မြင်းခွာရွက်လေးတွေ ခူးလိုက်ရုံပဲ။ ဟင်းကောင်းတခွက်အတွက် ငါးကြင်းဆီပြန်ဟင်းလေးချက်လိုက်မှာပေါ့။ ဒါဆိုရင် ထမင်းဝိုင်းလှသွားပြီလေ။ မိသားစု မောင်နှမတွေ ပြုံးပြုံးပျော်ပျော်စားနိုင်ပြီလေ။ တို့တောကလူတွေကလဲ သိတိုင်းအတိုင်းပဲလေ။ ငါးပိပါတယ်ဆိုရင်ပဲ စားဖြစ်တယ်။ ကြေးမထူဘူး။ ဆီပြန်ဟင်းတွေကို သိပ်မမက်ကြဘူး။ အတို့အမြုပ်အရွက်အဖူးလေးတွေစုံစုံနဲ့ ငါးပိသုပ်တခွက်၊ ဟင်းရည်သောက်ပါတယ်ဆိုရင်ပဲ တော်ပြီ။

မိုးများဒေသဆိုတော့ ညဘက်ထမင်းစားပြီး အိမ်လည်လို့မဖြစ်ဘူး။ မဖြစ်ဘူးဆိုတာက တောဆိုတော့ မှောင်မှောင်မည်းမည်းလေ။ ပြီးတော့ ရွံ့တွေ ဗွက်တွေကထူ၊ မြွေတွေ ကင်းတွေကိုလည်း ကြောက်ရသေတယ်မဟုတ်လား။ ဒီတော့ မလည်ဖြစ်ဘူးပေါ့။ အဲလိုအချိန်ဆိုရင် ပိန္နဲစေ့ကို ပြုတ်ပြီး ဆီဆားလေးတို့စား၊ အဲလိုမဟုတ်ရင် သစ်ချစေ့လှော်စားပြီး မိသားစုမောင်နှမတွေ ဝိုင်းဖွဲ့ အပျင်းပြေစကားပြောကြတာပဲ။ ပြီးတော့ မိုးအေးအေးလေးနဲ့ သိုးကြတော့တာပဲ။

တို့တောရွာလူတွေက စောစောအိပ်၊ စောစောထပဲ။ ထမင်းကြမ်းလေး ဖြစ်ကတတ်ဆန်း လွေးပြီး ယာတောထဲသွားကြတော့တာ။ အော်ပြောရအုံးမယ်...။ တို့ဆီမှာက လယ်ရှားတယ်။ တရွာလုံးမှ ဆယ်ဧကလောက်ပဲ ရှိမယ်ထင်တယ်။ မြေပြန့်က မြေကွက်ကနည်းတာကိုး။ တောင်ယာကို ဦးစားလုပ်ကြတာလေ။ နဲနဲတော့ပင်ပန်းတာပေါ့။ တောင်ပေါ်မှာ မိုးမကျခင် ရည်ရွယ်ထားတဲ့ အကွက်ကိုပြီးအောင် ခုတ်ကြ လှဲကြရတာ။ မိုးဦးကျတော့ဆိုရင် ခုတ်ထားတဲ့ သစ်ပင်တွေကို မီးရှို့။ ကျွန်း (ဂျွန်းကောက်) သူ့နေရာနဲ့သူပုံ။ မီးရှို့ပြီးကျန်တဲ့ အသားတွေကိုတော့ ထင်းလုပ်ဖို့ အိမ်ကိုထမ်းပြီးပြန်ရတာ။  ထင်းအတွက် တနှစ်ပတ်လုံး မပူရဘူး။ မိုးလေးကျပြီဆိုတာနဲ့ ယွင်းထိုး၊ စပါးထည့် တဲ့လူကထည့်။ လူတဆယ်နှစ်ဆယ်နဲ့ဆိုတော့ ပျော်စရာကြီးပါပဲ။ မိုးလေးတမလောက် ရွာလိုက်ပြီးရင် စပါးပင်လေးတွေ ထွက်လာပြီ။ ပင်စိပ်နေရင် ခွဲစိုက်ရတာပေါ့။ ပူးလွန်း ကပ်လွန်းနေရင် စပါးပင်လေးတွေက မအောင်တတ်ဘူး။ စပါးပင်စိမ်းစိမ်းလေးတွေ လေထဲမှာ ဝှေ့ရမ်းနေတာများ သိပ်ကြည်လို့ကောင်းတာပဲ။ တောင်သူအလုပ်ဆိုတာလဲ တကယ်တော့ ပျော်စရာကြီးပါပဲ။

ဝါဆို၊ ဝါခေါင်ဆိုတော့ ရွာလည်ချောင်းကြီးကလည်း ရေတွေပြည့်နေတော့ ဘယ်မှမသွားဖြစ်ဘူး။ အခြောက်အခြမ်းကလေးတွေ ကုန်မှပဲ ခက်ခက်ခဲခဲ မြို့တက်ဖြစ်တာ။ ဖိတ်နေ့၊ ဥပုဒ်နေ့တွေမှာဆို သိပ်ပျော်ဖို့ကောင်းတာ။ ဆွမ်းတော်ကြီးခံဆိုတာ ရှိတယ်။ ဖိတ်နေ့ညကနေကတည်းကသွားပြီး ဘုန်းကြီးကျောင်းမှာ သွားအိပ်ရတာ။ မနက်ကျရင် အစောကြီးထပြီး ဆွမ်းတော်ကြီးခံထွက်ရတယ်လေ။ မုန့်တွေကလဲ အမျိုးမျိုး၊ တောင်းတွေရော၊ တင်းတွေရော ပြည့်လျှံနေတာပဲ။ ဟင်းတွေအလဲ အစုံရတယ်။ လူသုံးလေးငါးဆယ် စားလို့ ဘယ်လိုမှမကုန်နိုင်ဘူး။ ဘုန်းကြီးကျောင်းကခွေးတွေဆို မုန့်ကျွေးရင်တောင် ထွက်ပြေးတဲ့အဆင့်ထိ။ ဥပုသ်သည်တွေကလည်း ခြံကထွက်တဲ့ ဒူးရင်းသီး၊ မင်းဂွတ်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ သြဇာသီး၊ ကြက်မှောက်သီး စုံလို့ပဲ။ စားမနိုင်သောက်မနိုင်ပဲ။ တောသားတွေက တယ်လဲ သဒ္ဓါတရားထက်သန်တာကိုး။

ပြီးတော့ ရွာချောင်းကြီးထဲမှာ လှေကလေးနဲ့ ဒိုင်းပန်း၊ ကြာပန်းခူးရတာလည်းပျော်စရာ၊ သူဦးငါရင်ခူး ညနေ ဘုန်းကြီးကျောင်းကိုသွားပြီး လှူကြတာ။ အစုနဲ့ အဖွဲ့နဲ့ဆိုတော့ ပျော်စရာသိပ်ကောင်းတာ။ ဘုန်းကြီးကလဲ မာလကာသီးတွေ၊ သကြားလုံးတွေ၊ ဒူးရင်းယိုတွေကို လင်ပန်းကြီးထဲ ထည့်လာပြီး ဝေပေးတာလေ။ တို့တတွေတော့ ပျော်လို့မြူးလို့ပါပဲ။

ဘုန်းကြီးကျောင်းရှေ့ဘက်နားကပ်ရက်မှာ ဘောလုံးကွင်းကြီးတကွင်းရှိတယ်။ မြို့မှာလို ပွဲကြည့်စင်တွေ ဘာတွေမရှိဘူး။ သီဟိုသရက်ပင်တွေ ဘောလုံးကွင်းပတ်လည်မှာ အစီအရီစိုက်ထားတယ်။ ဘောလုံးပွဲ သိပ်ကြည့်လို့ကောင်းတာ။ ဟိုဘက်ရွာ ဒီဘက်ရွာ ပရိတ်သတ်တွေကပြည့်လို့။ ဟိုဘက်ရွာသားတွေနဲ့ ဒီဘက်ရွာသားတွေ အချင်းချင်း စကြ၊ နောက်ကြ၊ ပြောင်ကြ၊ လှောင်ကြပေါ့။ တခါခါ ရန်ပွဲဖြစ်တတ်တယ်။ သူကြီးခေါ်ဖြေရှင်းရတာတွေလည်းရှိတယ်။ အင်းအဲဒီပွဲတွေလည်း တောပရီမီးယားပွဲတွေလေ။

အဖွားနဲ့ အဖေဆိုရင် သိပ်လွမ်းနေမှာ။ မရောက်တာလည်း ဆယ်နှစ်တောင် ကျော်ပြီကိုး။ ဒူးရင်းသီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီး မစားရတော့တာ ဆယ်နှစ်ကျော်ပြီ။ အဖိုးအဖွားတွေကိုလွမ်းတယ်၊ အဖေအမေကိုလည်းလွမ်းတယ်၊ အစ်ကို့ကိုလည်း လွမ်း၊ ညီလေးတွေ တူလေးတွေ၊ တူမလေးတွေ ကိုလည်းတယ်ကွယ်။ သြော်... ငါလွမ်းတဲ့ ငါတို့ရွာ၊ ငါချစ် ငါ့မိသားစု၊ ငါခင်တဲ့ သူငယ်ချင်းတွေ... လွမ်းလိုက်တာကွယ်။

ဆက်ဖတ်ပါရန်...

ရွာလိုက်ပါ့ မိုး (ဓာတ်ပုံ)

အုံ့အုံ့ မှိုင်းမှိုင်း၊ ချုပ်ချုပ် ဆိုင်းဆိုင်းနဲ့ တောင်ဘက်က ညိုလာပြီ။ ဟော... ဘယ်ချိန်ကတည်းက ငြိုးထားတယ်မသိ သဲသဲမဲမဲ တခါတည်း ရွာချပစ်လိုက်တာ။ အော်.. ဒါက တခါက အမေ့ရွာကလေးမှ မှတ်တရာလေးပါ...။ လွမ်းလိုက်တာကွယ်.. မိုးရယ်။ သွန်းမြဲသွန်းပါ.. ရွာမြဲရွာပါအုံး...။
ဆက်ဖတ်ပါရန်...

Wednesday, August 18, 2010

ခလုတ်မှန်း မသိလို့ပါကွယ်

အလွန် အရှက်ကြီးသော မိန်းမပျိုလေး တစ်ယောက်၊ ငယ်သူတို့ဘာဝ ချစ်သူရည်းစား အဖြစ် လူငယ်လေး တစ်ဦးနှင့် ရည်ငံနေကြပါသတဲ့။ တစ်နေ့မှာ ချစ်သူနှစ်ဦး သာယာတဲ့ မြစ်ကမ်းဘေး သစ်ပင်ရိပ်အောက် မြက်ခင်းလေးမှာ ချိန်းတွေ့နေကြတယ်။ သည်အခိုက်မှာ မနက်ခင်းတုန်းက ပဲကြီးလှော်သုပ်နဲ့ ကြက်သွန်ဖြူ အပြင် အဘွားရဲ့ လျှက်ဆားကိုပါ တို့မြီးခဲ့တဲ့ မိန်းမပျိုခမျာ လေလည်ချင် လာခဲ့ပါလေရော။ ခက်ပြီ။ အရှက်ကလည်းကြီး၊ ချစ်သူကလည်း အနီးမှာ အတူထိုင်နေတုန်း လေများ လည်မိလိုက်လို့ကတော့ မဟာ အရှက် ဟက်တက် ကွဲတော့မှာပဲ။

လေမလည်မိအောင်အတင်းအောင့်အည်းထားရတယ်။
အောင့်ထားရလွန်းလို့ သွားတွေလည်း စိပြီး၊ ခြေမကလည်း ကွေးလို့။ အဲဒီ ကွေးနေတဲ့ ခြေချောင်းတွေနဲ့ ခြေမကို မြင်သွားတဲ့ ချစ်သူက “အချစ်ရဲ့ ခြေချောင်းလေးတွေက လှရဲ့သားနဲ့ ဘာလို့ ကွေးထား တာလဲကွယ်” လို့ ပြောပြောဆိုဆို ခြေမလေး တစ်ဖက်ကို ကိုင်ပြီး ဆန့်လိုက်တယ်။ မိန်းမပျိုမှာ အောင့်ထားလို့ မရတော့ဘဲ ကျယ်လောင် ရှည်လျားတဲ့ အသံနဲ့ လေလည်လိုက်မိသွားရော။ မိန်းမပျိုလေးဟာ မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ အုပ်ပြီး ရှက်လွန်းလို့ မြစ်ထဲ ခုန်ဆင်း သေမလို ဖြစ်သွားတယ်။ ချစ်သူကောင်လေးဟာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ပျာပျာသလဲ ချော့မော့တောင်းပန် လိုက်တာက “အချစ်ကလေးရဲ့ အီးခလုတ်မှန်း မသိလို့ ကိုင်မိလိုက်တာပါ။ ကိုယ့်ကို ခွင့်လွှတ်ပါကွယ်။ နောက်ဆို မကိုင်မိ စေရပါဘူးနော်”တဲ့။  

ကိုစွမ်း

ပေဖူးလွှာ ရသစုံမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
ဆက်ဖတ်ပါရန်...

မင်းက ကြမ်းပိုးလား လိပ်လား

Eleven Media Group မှ ကူးယူဖော်ပြသည်။
ဆက်ဖတ်ပါရန်...

နတ်မျက်စိ ရသူများ

ထိုညက
မီးမလာပါ။

မီးပုံးလှလှ၊ ဆင်သလိုက်မဟဲ့
ရောင်စုံမီးပွင့်၊ ထွန်းတင့်စေမကွဲ့
သစ်ပင်ထိပ်မှာ
အိမ်တံစက်မြိတ်မှာ
ခလုတ်နှိပ် မီးဖွင့်တော့
အတင့်အတယ်၊ အလှကြွယ်စေမကွဲ့။

စိတ်ကူးဘယ်မျှ ယဉ်ယဉ်
အမျှင်ဘယ်မျှ တန်းတန်း
အမှန်းဘယ်မျှ ကြီးကြီး
ထိုညက မီးမလာပါ။

အမှောင်မှာ ကျင့်သားရပြီး
အမြင်အားသန်အောင် ကြည့်တတ်တဲ့
နတ်မျက်စိ ရှိဖို့ လိုပါတယ်။

လူထုသိန်းသန်း၊ နတ်မျက်စိ သိန်းသန်းပေါ့
မငြိမ်းတမ်း နတ်မျက်စိ
သတ္တိတွေအပြည့်နှင့်...။

တင်မိုး
၂၈၊ ဇန္န၀ါရီ၊ ၁၉၉၉
ကြာသပတေးနေ့ နံနက်ခင်း။
ဆက်ဖတ်ပါရန်...

Tuesday, August 17, 2010

မြန်မာ့ပညာရေးအစဉ်အလာရဲ့လမ်းဆုံး

          ပညာရေးအကြောင်းကို ဘာကြောင့် ကျနော် တင်ပြရပါသလဲဆိုတာ သိရအောင် ကျနော်နဲ့ ပညာရေး ပတ်သက်ပုံကလေးကို အရင်တင်ပြခွင့်ပြုပါ။
ကျနော်က တသက်လုံးလုပ်လာတာက ကျောင်းဆရာပါ။ နောက်ပိုင်းမှာ အခြေခံပညာ သင်ရိုး အဖွဲ့ (ကျောင်းသုံး စာအုပ်ကော်မတီ) မှာ သင်ရိုးလက်ထောက်အဖြစ် လုပ်လာခဲ့ပါတယ်။ ဒါကြောင့် ပညာရေးဆိုတာ ကျနော်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ အကြောင်းအရာ ဖြစ်နေပါတယ်။ ဒီလို မိမိကိုယ်မိမိ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေမယ့် ပညာရေးသဘောတရားကြီးတွေကို မပြောတတ်ပါဘူး။ ပြောဖို့လည်း မရည်ရွယ်ပါဘူး။ ကိုယ်တွေ့လောက်သာ ပြောနိုင်မှာပါ။
ခေတ်ပညာဆိုတာ အင်္ဂလိပ်လက်အောက်ရောက်မှ ကျနော့်ကို တွေ့ကြုံရတာပါ။ ရှေးခေတ် ကတော့ ဘုန်းကြီး ကျောင်းပညာရေးပဲ ရှိခဲ့ပါတယ်။ တကယ်တော့ ဘုန်းကြီးကျောင်း ပညာရေးဟာ ဒီနေ့အထိ ရှိနေဆဲပါပဲ။ ဦးနုလက်ထက်တုန်းကတော့ ဘုန်းကြီးကျောင်းနဲ့ အစိုးရကျောင်းပညာရေး တွဲဖက်ထားခဲ့တာတွေ ရှိခဲ့ပါတယ်။ “ဘ-က” ပညာရေးလို့ခေါ်ပါတယ်။ ထုံးစံအတိုင်း ဒါတွေလည်း ဗိုလ်နေဝင်း ဖျက်ဆီးတဲ့အထဲမှာ ပါသွားခဲ့ပါပြီ။
ဘုန်းကြီးကျောင်းပညာရေးအကြောင်းကို ပညာရေးတက္ကသိုလ် မြန်မာစာသင်နည်းဌာနက ဆရာဦးသန်းထွတ် (နောင်-ပါမောက္ခ) က ပညာရေး မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်းပြုထားတာ ရှိပါတယ်။ စာအုပ်အဖြစ်လည်း ပုံနှိပ်ထုတ်ဖူးလို့ တချို့ဖတ်ဖူးကောင်း ဖတ်ဖူးကြပါလိမ့်မယ်။ အင်္ဂလိပ်လက်ထက်မှာ ဆာအာသာဖယ်ယာက ဘုန်းကြီးကျောင်းပညာရေးကို ခေတ်မီအောင် ပြုပြင်ထားရင် ကျောင်းအဆောက်အအုံကိစ္စနဲ့ အုပ်ချုပ်ရေးကိစ္စ တပိုင်းတစ သက်သာမယ်ဆိုပြီး အကြံပေးဖူးပါတယ်။ ဘုန်းတော်ကြီးအချို့က ကမ္ဘာကြီးလုံးတဲ့အကြောင်း ပထဝီတွေ၊ လောက ဓာတ်ပညာတွေ သင်မှာကို မလိုလားခဲ့ကြဘူး။ နောက်ပိုင်းမှာ သံဃာတွေက ပညာရေး သင်တန်းတွေကို လူတွေထံမှာ သင်ယူကြရမှာမျိုးကိုလည်း မလိုလားဘူး။ ဒါကြောင့် ဘုန်းကြီး ကျောင်းတွေဟာ ဘာသာရေးကျောင်းများအဖြစ် ဆက်လက်ဆောင်ရွက်နေကြပါတယ်။
ရှေးက ဘုန်းကြီးကျောင်း (၂) မျိုးရှိခဲ့ပါသတဲ့။ “ဂါမဝါသီ” မြို့မှီ ဝါကပ်တဲ့ကျောင်းနဲ့ “အရည ဝါသီ” တောမှီ (ရွာဝေးကျောင်း) တို့ဖြစ်ပါတယ်။ နောက်တော့ အရညဝါသီ တောမှီကျောင်း ရယ်လို့ မရှိတော့ဘဲ မြို့မှီ ရွာကပ် ကျောင်းတွေပဲရှိပါတော့တယ်။ အဲဒီကျောင်းတွေထဲမှာ ဓားခုတ်၊ လှံထိုး၊ မြင်းစီး၊ စစ်တိုက် စတဲ့ အရပ်သား ပညာတွေကို သင်ပေးတဲ့ “ပွဲကျောင်း” ဆိုတာလည်း ရှိလာခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းတွေမှာ ရာဇဝင် ကျမ်း၊ ဆေးကျမ်း၊ ဗေဒင် နက္ခတ်ကျမ်းတို့ကိုလည်း သင်ပေးပါတယ်။ ဒါမှလည်း ကျောင်းထွက်သွားရင် အသုံးဝင်မှာ ဖြစ်ပါတယ်။ လောကီ လောကုတ္တရာ (၂) မျိုးသင်ပေးပါတယ်။
ရာဇဝင်ဆိုရာမှာ မြန်မာ့ရိုးရာ သင်ရိုးအရ “မဟာရာဇဝင်” အဓိကပါပဲ။ လူသိများတဲ့ ရာဇဝင် စာအုပ်တအုပ်က တော့ “ရာဇဝင်ကျော်” တဲ့။ မူလအမည်က “မဟာသမ္မတဝံသ”ကျမ်းပါ။ မဟာသမ္မတခန်း၊ သီဟိုဠ် ရာဇဝင်ခန်း နဲ့ မြန်မာရာဇဝင်ခန်း ဆိုပြီး (၃) ခန်းပါရှိပါတယ်။ မဟာသမ္မတခန်းမှာ ကမ္ဘာဦးလူသားတို့က ရွေးကောက်တင် မြှောက်တဲ့ မဟာသမ္မတမင်း အကြောင်း ပါရှိပါတယ်။ ဒါကြောင့် မြန်မာတွေဟာ “ရွေးကောက်တင်မြှောက်တဲ့ မင်း” ဆိုတာကို အစွဲအလန်းရှိခဲ့ပါတယ်။ မင်းအကြောင်းရေးရင် မင်းကျင့်တရားတရားတွေ ပါလာတော့တာပါပဲ။ ရာဇဝင်မှာသာမက ဇာတ်တော်ကြီး၊ ငယ်တွေမှာလည်း အနည်းနဲ့အများပါရှိတာပါပဲ။ ကျနော်တို့ ဒီနေ့အထိ ကျောင်းသုံးဖြစ်နေတဲ့ ဝေသန္တရာဇာတ်၊ မဟော်သဓာဇာတ် စတဲ့ ဇာတ်တော်တွေမှာ လည်း ပါတာပဲ။ ကိုးခန်းပျို့၊ သံဝရပျို့၊ ဥမ္မာဒန္တီပျို့စတဲ့ ပျို့တွေမှာလည်း ပါတာပါပဲ။ ဘုန်းကြီး ကျောင်းမှာ စာလာသင်ကြတဲ့ လူတွေထဲမှာ မင်းဖြစ်မယ့်လူ၊ အမတ်ဖြစ်မယ့်လူ၊ တရားသူကြီး၊ ရွာလူကြီး စတာတွေဖြစ်မယ့်လူ စသဖြင့် လူအမျိုးမျိုးပါမှာပဲ။ ဒါကြောင့် မြန်မာ့ရိုးရာ ဘုန်းကြီး ကျောင်းသင်ရိုးတွေမှာ မင်းကျင့်တရား (၁၀)ပါး၊ နာယဂုဏ် (၆) ပါး၊ ဆရာ့ ဝတ်၊ တပည့်ဝတ်၊ မိဘဝတ်၊ သားသမီးဝတ်ဆိုပြီး နီတိတွေမှာ ပါဝင်နေခဲ့တာဖြစ်ပါတယ်။ ရာဇောဝါဒ- မင်းကို ဆုံးမတဲ့စာ၊ အမစောဝါဒ- အမတ်ကိုဆုံးမတဲ့စာ၊ ပုတ္တောဝါဒ- သားကို ဆုံးမတဲ့စာ၊ မာတောဝါဒ- အမိကို ဆုံးမတဲ့စာ စသဖြင့် စာပေကျမ်းဂန်၊ ပျို့လင်္ကာဆိုတာတွေလည်း အမျိုးမျိုးပါရှိပါတယ်။ ဘုန်းကြီးကျောင်း ပညာရေးဟာ ဒီလိုစာတွေနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို သဟဇာတဖြစ်အောင် လုပ်ပေးခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။ တကယ်တော့ ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ် ပညာရေး သင်ရိုးမှာ ခေတ်က လိုအပ်နေတာတွေကို ထည့်ပေးရတာပါပဲ။
ကျနော်တို့မျက်မှောက်ခေတ်မှာ အုပ်စိုးသူ (မင်း) ဆိုတာ ရှိနေတာပါပဲ။ ဒီအုပ်စိုးသူ အစိုးရ တွေဟာ ရှေးအစဉ် အလာအရ ရှေးကအုပ်စိုးသူတွေ ဘယ်လိုအုပ်စိုးခဲ့တယ်ဆိုတာ အကောင်း-အဆိုး အစုံသိရပါမယ်။ ဒါကြောင့် ပညာရေးသမားကြီးတွေက သမိုင်းနဲ့မြန်မာစာမှာ ဒါမျိုး တွေကို ထည့်ပေးခဲ့ပါတယ်။ ကျောင်းသုံးစာအုပ်တွေ ပြစုခဲ့ကြတဲ့သမိုင်းမှာ ဦးဖေမောင်တင်၊ ဇော်ဂျီ၊ မင်းသုဝဏ် တို့ကျေးဇူးတွေဟာ အကြီးဆုံးပါပဲ။ ဒီဆရာကြီး တွေက ပညာရေးကို နားလည်ကြတယ်။ “ဘာသာစကား” သင်နည်း ပညာနဲ့ “စာပေသင်နည်း” ပညာတွေ ကိုလည်း နားလည်ကြတယ်။ ပညာရေးသဘောတရားတွေကိုလည်း သိရှိထားတာဖြစ်လို့ မြန်မာပြည်သူ တွေ အဖို့ သူတို့ကျေးဇူးတွေဟာ ဆပ်လို့မကုန်ပါဘူး။ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးဘကောင်း၊ ဦးဘဂျမ်း (တင်မိုး)၊ ဒေါ်အုန်းခင် (နွယ်-စစ်တွေ)၊ ဦးကံညွှန့် (ညွှန့်အေး-အင်းဝ) နဲ့ ကျနော်တို့ဟာ ကျောင်းသုံးစာအုပ် ပြုစုရေးမှာ ပါဝင်ခဲ့ကြရပါပြီ။ ဆရာ့ဆရာကြီးတွေရဲ့ အမွေကို ဆက်ခံကြရလို့ အစစ ရှောရှောရှုရှု ဖြစ်ခဲ့ရပါတယ်။ ဗိုလ်နေဝင်းတို့လို စစ်ဗိုလ်တွေ မနှောင့်ယှက်၊ ဝင်မစွက်ဖက်ရင်တော့ ပိုကောင်းမှာပေါ့။
ဗိုလ်နေဝင်းက စာရေးဆရာကြီး ကွယ်လွန်ပြီး နှစ်ပေါင်း (၂၀) ကြာမှ အဲဒီ့ဆရာရဲ့စာကို သုံးပါ လို့ အမိန့်ထုတ် လိုက်တယ်။ ဆရာကြီး မင်းသုဝဏ်ကို ရည်စူးတာ ထင်ပါတယ်။ ဒါပေမယ့် အခြေခံပညာရေးမှာ မြန်မာစာသင် ကြားရေးဆိုတာ “ခေတ်စား၊ ခေတ်စကား၊ ခေတ်အတွေး၊ ခေတ်အရေးအသား” ကို ပေးရတာပါ။ ခုလို သူကလုပ်တော့ ခေတ်စာတွေ ဘာမှမပါတော့ ဘူးပေါ့။ ခေတ်ကျောင်းသားကို တခေတ်၊ နှစ်ခေတ် နောက်ကျတဲ့ စာတွေလည်း သင်နေရ ပါတယ်။
ခုကျောင်းသုံးစာအုပ်၊ အထက်တန်း မြန်မာစကားပြေမှာ အင်းဝခေတ်က ရှင်မဟာသီလဝံသရဲ့ ရာဇဝင် ကျော်မှာပါတဲ့ မဟာသမ္မတအခန်းက “အပရိဟာနိယတရား (၇) ပါး” ကို ထည့်ထား ပါတယ်။ “တိုင်းပြည်စည် ကားကြောင်း” လို့ ခေါင်းစဉ်တပ်ထားပါတယ်။ “မဆုတ်ယုတ်ရာသော တရား (၇) ပါး” လို့ တိုက်ရိုက် အဓိပ္ပာယ်ရပါတယ်။ မူရင်းမှာတော့ “ပြည်ထဲစီးပွားရာသော အကျင့် (၇) ပါး” လို့ဆိုထားပါတယ်။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေ ကျင့်ရမယ့် တရားတွေ ပါပဲ။ မင်းကိုဆုံးမတဲ့စာအုပ်လို့အဆိုရှိတဲ့ ယောမင်းကြီးဦးဖိုးလှိုင်ရဲ့ ရာဇဓမ္မသင်္ဂဟကျမ်းမှာ လည်း အပရိဟာနိယတရား (၇) ပါးကို အဓိကထားပါတယ်။ မြတ်စွာဘုရားက လိစ္ဆဝီမင်းများကို ဟောခဲ့တဲ့တရားပါ။ အနောက်နိုင်ငံတွေက ပါလီမန် ဒီမိုကရေစီစနစ်ကို လမ်းခင်းပေးတဲ့ စာအုပ်မှာ အပရိဟာနိယတရားဟာ ရှေ့ဆုံးကပါလာခဲ့ပါတယ်။
တဦးတည်း (တအာဏာတည်း) မအုပ်ချုပ်သင့်ဘူး။ “သမဂ္ဂ” ခေါ် အဖွဲ့အစည်းဖွဲ့ပြီး “သန္နိပါတ” ခေါ် အမြဲစည်း ဝေးတိုင်ပင် အုပ်ချုပ်ရမယ့် အများညှိနှိုင်းတိုင်ပင်ထားတဲ့ “တရားဥပဒေ” ရှိရမယ်။ “လူကြီးသူမ” (ပညာမဲ့ လူမိုက်မဟုတ်တဲ့) တွေရဲ့စကားကို နာယူကျင့်သုံးရမယ်။ “အမျိုးသမီးများကိုလည်း မတရားအနိုင်ကျင့်ခေါ် ယူတာ” မလုပ်ရဘူး စသဖြင့် ပါရှိပါတယ်။
မဟာအတုလဆရာတော်ရဲ့ “ကုန်းဘောင်နီတိ” ကောက်နုတ်ချက်များကိုလည်း ထည့်သွင်းထား ပါတယ်။ ရှင်ဘုရင်မှူးမတ်တို့ရဲ့ သားသမီးဆွေမျိုး မိတ်သင်္ဂဟတွေကိုလည်း သူတို့နဲ့ မတန်မရာ တဲ့ ရာထူးဂုဏ်ထူးများ မပေးသင့်တဲ့အကြောင်း အဓိကထားပါတယ်။
အဲဒီ (၂) ပုဒ်ကို (၁၀) တန်းစာမေးပွဲမှာ မေးလေ့မရှိပါဘူး။ ဆရာအများစုကလည်း မေးလေ့ မရှိတာကို အချိန်ကုန်ခံပြီး မသင်ပါဘူး။ ဆရာကသင်မိရင်လည်း ကျောင်းသားက “ဒါတွေစာမေးပွဲပါမှာလား” လို့ ထောက်လေ့ရှိပါတယ်။ ဒီခေတ်ကျောင်းသားတွေ “မင်း” ဖြစ်လာရင်လည်း ဒီလို မင်းကျင့်တရားတွေ မသိတဲ့ အုပ်ချုပ်သူတွေပဲ ဖြစ်လာတော့မှာပါ။ “မင်းကောင်းမင်းမြတ်တို့ရဲ့ ကျင့်အပ်တဲ့တရားတွေဆိုတာ ကျောင်းသားတွေကို မသင်အပ်တဲ့တရား၊ ဆရာတွေ မသင်ရဲတဲ့တရား၊ မေးခွန်းထဲမထည့်ရဲတဲ့တရားတွေ ဖြစ်မှန်းမသိဖြစ်လာခဲ့ပြီ။ ”အာဏာပိုင်တွေကတော့ ဒါတွေဖတ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် စာမေးပွဲကြီးမေးခွန်းမှာ ပါလာရင်တော့ ဘေးကအဆင်းတွန်းကြမယ့်လူတွေက စောင့်နေကြမှာ မလွဲပါဘူး။ ဒါဒို့ဗမာကိုး။
အလားတူပဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ “လူကြီးနဲ့လူငယ်” ညီညွတ်ရေးတရားနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့“ပြည်သူ့ညီလာခံ” ဆောင်းပါး (မိန့်ခွန်း) တို့ကိုလည်း သင်လေ့မေးလေ့ မရှိပါဘူး။ မေးခွန်းတိုလေးတခုပဲ မေးတာတွေ့လိုက်ဖူးပါတယ်။
ဒီခေတ်ကျောင်းသုံးစာအုပ်တွေထဲမှာ ခေတ်နဲ့အညီ ကျောင်းသားတွေသိသင့် သင်ယူသင့်တာ တွေ ပါခွင့်မရှိ။ ပါလာရင်လည်း မသင်ရဲကြပါဘူး။ ဘာမှလွတ်လပ်ခွင့်မရှိလို့ ပညာရေးလည်း လွတ်လပ်ခွင့်မရှိ။ ပညာရေးမှာ တာဝန်ယူ အုပ်ချုပ်နေကြသူ ညွှန်မှူးညွှန်ချုပ်တွေဟာ ပညာရေးကို မသိနားမလည်တဲ့ စစ်ဗိုလ်တွေချည်းပါပဲ။ ပညာရေးဝန်ထမ်း ဆရာ ဆရာမလေးတွေဟာ စစ်ဗိုလ်ပညာရေးအရာရှိတွေ ထမင်းပွဲမှာ ယပ်ခတ်ပေးရသူ၊ လူသတ်ပွဲပြန်စစ်ဗိုလ်တွေကို ပန်းစည်းဆက်ရသူတွေပဲ ဖြစ်နေပါတော့တယ်။ ကျနော်တို့ ကျောင်းဆရာတွေက စစ်မတိုက်ချင်လို့ ကျောင်းဆရာ ဖြစ်လာတာပါ။ တိုင်းပြည်ကို ချစ်လွန်းလို့၊ အသက်ပေးကာကွယ်လို သူတွေ ဆိုတဲ့စစ်ဗိုလ်တွေဟာ ဘာကြောင့် ကျောင်းဆရာတွေရဲ့နေရာကို ဇွတ်ဝင်ယူချင်ပါသလဲ။ စစ်ပညာမတတ်တဲ့ စစ်ဗိုလ်က ပညာရေးဝင်လုပ်ရင်လည်း တိုင်းပြည်ပျက်မှာပါပဲ။ ကိုယ့်နေရာကိုယ်နေပြီး၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြပါစို့။

(မူရင်း - ခေတ်ပြိုင်။ http://www.khitpyaing.org/archives/3776)
ဆက်ဖတ်ပါရန်...