နို့ရွာတွေမှာက တော်တန်ဟင်းချက်စရာလောက်တော့ ဝယ်စရာလိုဘူး။ ကိုယ့်ခြံထဲမှာလည်း ဝါးရုံတွေကနေ မျှစ်အမျိုးအမျိုးကိုရနိုင်တယ်။ တညင်းသီးပင်ရှိတယ်။ ရှောက်ပင်၊ သံပုရာပင်တွေမှာဆို မခူးနိုင်လို့ ပင်အောက်မှာ ပုပ်ပွနေတာပဲ။ ခရမ်းကစော့တို့၊ ငရုတ်တို့ဆိုတာလည်း ဆယ့်နှစ်ရာသီရအောင် စိုက်ထားတာလေ။ ပင်စိမ်း၊ နံနံပင်၊ မြင်းခွာရွက် အဲလိုပင်လေးတွေကလည်း ခြေချမတတ် ပေါက်နေတာ။ ဒီတော့ ဟင်းချက်စရာ ဘယ်ဝယ်စရာလိုသေးလဲ။ မီးဖိုပေါ် ထမင်းအိုးလေးတင်လိုက်၊ ဟင်းပုတ်ရွက်နဲ့ မျှစ်ဟင်းလေးချက်လိုက်၊ ရှောက်သီး ငပိသုတ်လေးသုပ်လိုက်၊ အတို့အမြုပ်တွက် ဆလပ်ရွက်ခူး၊ သီဟိုဠ်သရက်ရွက်လေးခူး၊ မြင်းခွာရွက်လေးတွေ ခူးလိုက်ရုံပဲ။ ဟင်းကောင်းတခွက်အတွက် ငါးကြင်းဆီပြန်ဟင်းလေးချက်လိုက်မှာပေါ့။ ဒါဆိုရင် ထမင်းဝိုင်းလှသွားပြီလေ။ မိသားစု မောင်နှမတွေ ပြုံးပြုံးပျော်ပျော်စားနိုင်ပြီလေ။ တို့တောကလူတွေကလဲ သိတိုင်းအတိုင်းပဲလေ။ ငါးပိပါတယ်ဆိုရင်ပဲ စားဖြစ်တယ်။ ကြေးမထူဘူး။ ဆီပြန်ဟင်းတွေကို သိပ်မမက်ကြဘူး။ အတို့အမြုပ်အရွက်အဖူးလေးတွေစုံစုံနဲ့ ငါးပိသုပ်တခွက်၊ ဟင်းရည်သောက်ပါတယ်ဆိုရင်ပဲ တော်ပြီ။
မိုးများဒေသဆိုတော့ ညဘက်ထမင်းစားပြီး အိမ်လည်လို့မဖြစ်ဘူး။ မဖြစ်ဘူးဆိုတာက တောဆိုတော့ မှောင်မှောင်မည်းမည်းလေ။ ပြီးတော့ ရွံ့တွေ ဗွက်တွေကထူ၊ မြွေတွေ ကင်းတွေကိုလည်း ကြောက်ရသေတယ်မဟုတ်လား။ ဒီတော့ မလည်ဖြစ်ဘူးပေါ့။ အဲလိုအချိန်ဆိုရင် ပိန္နဲစေ့ကို ပြုတ်ပြီး ဆီဆားလေးတို့စား၊ အဲလိုမဟုတ်ရင် သစ်ချစေ့လှော်စားပြီး မိသားစုမောင်နှမတွေ ဝိုင်းဖွဲ့ အပျင်းပြေစကားပြောကြတာပဲ။ ပြီးတော့ မိုးအေးအေးလေးနဲ့ သိုးကြတော့တာပဲ။
တို့တောရွာလူတွေက စောစောအိပ်၊ စောစောထပဲ။ ထမင်းကြမ်းလေး ဖြစ်ကတတ်ဆန်း လွေးပြီး ယာတောထဲသွားကြတော့တာ။ အော်ပြောရအုံးမယ်...။ တို့ဆီမှာက လယ်ရှားတယ်။ တရွာလုံးမှ ဆယ်ဧကလောက်ပဲ ရှိမယ်ထင်တယ်။ မြေပြန့်က မြေကွက်ကနည်းတာကိုး။ တောင်ယာကို ဦးစားလုပ်ကြတာလေ။ နဲနဲတော့ပင်ပန်းတာပေါ့။ တောင်ပေါ်မှာ မိုးမကျခင် ရည်ရွယ်ထားတဲ့ အကွက်ကိုပြီးအောင် ခုတ်ကြ လှဲကြရတာ။ မိုးဦးကျတော့ဆိုရင် ခုတ်ထားတဲ့ သစ်ပင်တွေကို မီးရှို့။ ကျွန်း (ဂျွန်းကောက်) သူ့နေရာနဲ့သူပုံ။ မီးရှို့ပြီးကျန်တဲ့ အသားတွေကိုတော့ ထင်းလုပ်ဖို့ အိမ်ကိုထမ်းပြီးပြန်ရတာ။ ထင်းအတွက် တနှစ်ပတ်လုံး မပူရဘူး။ မိုးလေးကျပြီဆိုတာနဲ့ ယွင်းထိုး၊ စပါးထည့် တဲ့လူကထည့်။ လူတဆယ်နှစ်ဆယ်နဲ့ဆိုတော့ ပျော်စရာကြီးပါပဲ။ မိုးလေးတမလောက် ရွာလိုက်ပြီးရင် စပါးပင်လေးတွေ ထွက်လာပြီ။ ပင်စိပ်နေရင် ခွဲစိုက်ရတာပေါ့။ ပူးလွန်း ကပ်လွန်းနေရင် စပါးပင်လေးတွေက မအောင်တတ်ဘူး။ စပါးပင်စိမ်းစိမ်းလေးတွေ လေထဲမှာ ဝှေ့ရမ်းနေတာများ သိပ်ကြည်လို့ကောင်းတာပဲ။ တောင်သူအလုပ်ဆိုတာလဲ တကယ်တော့ ပျော်စရာကြီးပါပဲ။
ဝါဆို၊ ဝါခေါင်ဆိုတော့ ရွာလည်ချောင်းကြီးကလည်း ရေတွေပြည့်နေတော့ ဘယ်မှမသွားဖြစ်ဘူး။ အခြောက်အခြမ်းကလေးတွေ ကုန်မှပဲ ခက်ခက်ခဲခဲ မြို့တက်ဖြစ်တာ။ ဖိတ်နေ့၊ ဥပုဒ်နေ့တွေမှာဆို သိပ်ပျော်ဖို့ကောင်းတာ။ ဆွမ်းတော်ကြီးခံဆိုတာ ရှိတယ်။ ဖိတ်နေ့ညကနေကတည်းကသွားပြီး ဘုန်းကြီးကျောင်းမှာ သွားအိပ်ရတာ။ မနက်ကျရင် အစောကြီးထပြီး ဆွမ်းတော်ကြီးခံထွက်ရတယ်လေ။ မုန့်တွေကလဲ အမျိုးမျိုး၊ တောင်းတွေရော၊ တင်းတွေရော ပြည့်လျှံနေတာပဲ။ ဟင်းတွေအလဲ အစုံရတယ်။ လူသုံးလေးငါးဆယ် စားလို့ ဘယ်လိုမှမကုန်နိုင်ဘူး။ ဘုန်းကြီးကျောင်းကခွေးတွေဆို မုန့်ကျွေးရင်တောင် ထွက်ပြေးတဲ့အဆင့်ထိ။ ဥပုသ်သည်တွေကလည်း ခြံကထွက်တဲ့ ဒူးရင်းသီး၊ မင်းဂွတ်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ သြဇာသီး၊ ကြက်မှောက်သီး စုံလို့ပဲ။ စားမနိုင်သောက်မနိုင်ပဲ။ တောသားတွေက တယ်လဲ သဒ္ဓါတရားထက်သန်တာကိုး။
ပြီးတော့ ရွာချောင်းကြီးထဲမှာ လှေကလေးနဲ့ ဒိုင်းပန်း၊ ကြာပန်းခူးရတာလည်းပျော်စရာ၊ သူဦးငါရင်ခူး ညနေ ဘုန်းကြီးကျောင်းကိုသွားပြီး လှူကြတာ။ အစုနဲ့ အဖွဲ့နဲ့ဆိုတော့ ပျော်စရာသိပ်ကောင်းတာ။ ဘုန်းကြီးကလဲ မာလကာသီးတွေ၊ သကြားလုံးတွေ၊ ဒူးရင်းယိုတွေကို လင်ပန်းကြီးထဲ ထည့်လာပြီး ဝေပေးတာလေ။ တို့တတွေတော့ ပျော်လို့မြူးလို့ပါပဲ။
ပြီးတော့ ရွာချောင်းကြီးထဲမှာ လှေကလေးနဲ့ ဒိုင်းပန်း၊ ကြာပန်းခူးရတာလည်းပျော်စရာ၊ သူဦးငါရင်ခူး ညနေ ဘုန်းကြီးကျောင်းကိုသွားပြီး လှူကြတာ။ အစုနဲ့ အဖွဲ့နဲ့ဆိုတော့ ပျော်စရာသိပ်ကောင်းတာ။ ဘုန်းကြီးကလဲ မာလကာသီးတွေ၊ သကြားလုံးတွေ၊ ဒူးရင်းယိုတွေကို လင်ပန်းကြီးထဲ ထည့်လာပြီး ဝေပေးတာလေ။ တို့တတွေတော့ ပျော်လို့မြူးလို့ပါပဲ။
ဘုန်းကြီးကျောင်းရှေ့ဘက်နားကပ်ရက်မှာ ဘောလုံးကွင်းကြီးတကွင်းရှိတယ်။ မြို့မှာလို ပွဲကြည့်စင်တွေ ဘာတွေမရှိဘူး။ သီဟိုသရက်ပင်တွေ ဘောလုံးကွင်းပတ်လည်မှာ အစီအရီစိုက်ထားတယ်။ ဘောလုံးပွဲ သိပ်ကြည့်လို့ကောင်းတာ။ ဟိုဘက်ရွာ ဒီဘက်ရွာ ပရိတ်သတ်တွေကပြည့်လို့။ ဟိုဘက်ရွာသားတွေနဲ့ ဒီဘက်ရွာသားတွေ အချင်းချင်း စကြ၊ နောက်ကြ၊ ပြောင်ကြ၊ လှောင်ကြပေါ့။ တခါခါ ရန်ပွဲဖြစ်တတ်တယ်။ သူကြီးခေါ်ဖြေရှင်းရတာတွေလည်းရှိတယ်။ အင်းအဲဒီပွဲတွေလည်း တောပရီမီးယားပွဲတွေလေ။
အဖွားနဲ့ အဖေဆိုရင် သိပ်လွမ်းနေမှာ။ မရောက်တာလည်း ဆယ်နှစ်တောင် ကျော်ပြီကိုး။ ဒူးရင်းသီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီး မစားရတော့တာ ဆယ်နှစ်ကျော်ပြီ။ အဖိုးအဖွားတွေကိုလွမ်းတယ်၊ အဖေအမေကိုလည်းလွမ်းတယ်၊ အစ်ကို့ကိုလည်း လွမ်း၊ ညီလေးတွေ တူလေးတွေ၊ တူမလေးတွေ ကိုလည်းတယ်ကွယ်။ သြော်... ငါလွမ်းတဲ့ ငါတို့ရွာ၊ ငါချစ် ငါ့မိသားစု၊ ငါခင်တဲ့ သူငယ်ချင်းတွေ... လွမ်းလိုက်တာကွယ်။